ဓါတုအဆိပ်အန္တရာယ်နဲ့ ကုန်ကျစရိတ် လျှော့ချဖို့ တမာပိုးသတ်ဆေး ဘယ်လိုလုပ်မလဲ



ပိုးသတ်ဆေး ကုန်ကျစရိတ်များပြီး ဓာတု အဆိပ်ဓါတ်ကြွင်းတွေကြောင့် ကျန်းမာရေး ထိခိုက်စေမှုကို သက်သာစေတဲ့ တောင်သူတွေကိုယ်တိုင် ပြုလုပ်နိုင်တဲ့ တမာပိုးသတ်ဆေး အကြောင်းကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။

တမာပင်ကို သိပ္ပံအမည် Azadirachta indica လို့ခေါ်ပါတယ်။ တပင်လုံး Azadirachtin လို့ခေါ်တဲ့ ပိုးတွေကို ပြေးစေတာရယ်၊ စားမိရင်လည်း ပိုးတွေမျိုးပွားမှုနဲ့ ကြီးထွားမှုကို ဟန့်တားစေနိုင်တဲ့ ပိုးသတ်ဆေးအာနိသင် ရှိပါတယ်။ အစေ့ထဲက ထွက်တဲ့ အဆီ၊ အစေ့ခြောက်မှုန့်၊ အရွက်၊ အခေါက် အကုန်လုံး အသုံးပြုနိုင်ပါတယ်။ အလွယ်ကူဆုံးကတော့ အရွက်ကနေ ပိုးသတ်ဆေးလုပ်နည်းဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်
-------------------------

(၁) တမာရွက် ၂ ပိဿာခန့်ခူးပါ။ ပြီးရင် အရွက်တွေကို နုတ်နုတ်စင်းပါ။

(၂) တမာရွက်တွေကို ရေ ၄ ဂါလံဆန့်တဲ့ပုံးမှာထည့်ပြီး (၃)ရက်လောက်စိမ်ထားပါ။

(၃) (၃)ရက်ပြည့်ရင် တမာရွက်စိမ်ရည်ကို ပိတ်ပါးစ(သို့) ရေစစ်နဲ့စစ်ယူပါ။

(၄) တမာရွက်စိမ်ရည်ထဲကို အိမ်သုံးစားဆီ(ဘာဆီဖြစ်ဖြစ်) (၆) ကျပ်သား၊ ပန်းကန်ဆေးဆပ်ပြာရည် ၆ ကျပ်သား ခန့်မှန်းပြီးထည့်ပါ။

(၅) တမာဆေးရွက်စိမ်ရည်အရောအနှောကို ရေ (၄) ဂါလံနဲ့ ရောပြီး ဆေးအဖြစ် ပက်ဖျန်း အသုံးပြုနိုင်ပါတယ်။

သိထားရမှာက ဆေးဖျန်းတာနဲ့ ပိုးတွေချက်ချင်းသေမှာမဟုတ်ပါ။ ပိုးကောင်တွေ အစားပျက်၊ ပေါက်ပွားမှု လျှော့ကျတာတွေနဲ့ သီးနှံခင်းတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပိုးတွေရဲ့ဘဝ စက်ဝန်းက (၁၅-၄၅)ရက်ဖြစ်တဲ့အတွက် တစ်ပတ်တစ်ကြိမ် ဆေးဖျန်းရင်လုံလောက်ပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့အပြင် အန္တရာယ်လည်းကင်းပါတယ်။

Credit; မိုးဟိန်း (တောင်တွင်းသား)

Comments

Popular posts from this blog

ဇီဝမှိုသတ်ဆေးမျိုးစုံ နဲ့ ထရိုင်ကိုဒါးမား

ဝါးရုံမြေ သဘာဝမြေဩဇာ

သင့်ရဲ့သစ်သီးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် မြေသြဇာ